နေပြည်တော် ၊ အောက်တိုဘာလ (၃ဝ) ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဘောလုံးပြိုင်ပွဲနောက်ဆုံးပွဲစဉ်များအား ယနေ့ နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အား/ကာသိပ္ပံ (မန္တလေး)အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှလည်းကောင်း၊ ဒုတိယဆုရရှိသော အား/ကာသိပ္ပံ (ရန်ကုန်) အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ ပထမဆုရရှိသော အား/ကာသိပ္ပံ (တောင်ကြီး)အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော အား/ကာသိပ္ပံ (မန္တလေး)အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊ ဒုတိယဆုရရှိသော အား/ကာသိပ္ပံ (တောင်ကြီး)အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ လည်းကောင်း၊ ပထမဆုရရှိသော အား/ကာသိပ္ပံ (မော်လမြိုင်)အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်မှ လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။