ရန်ကုန်၊ အောက်တိုဘာလ(၃ဝ)ရက်။
အီဂျစ်နိုင်ငံ ၊ ကိုင်ရိုမြို့တွင် အောက်တိုဘာ (၂၅)မှ (၂၈)ရက်နေ့အထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF )မှ ကြီးမှူးကျင်းပသော EGYPT INTERNATIONAL 2018 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာက အုပ်စုပြိုင်ပွဲတွင် ဂျော်ဒန်အသင်းအား(၂၁:၅)၊ (၂၁:၅)နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ချက်အသင်းအား (၂၁:၈)၊ (၂၁:၉)နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟန်ဂေရီအသင်းအား (၂၁:၁၈)၊ (၂၁:၁၅) နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့ထိပ်သီး မလေးရှား ကြက်တောင်မယ်ကို (၂၁:၁၈)၊ (၂၃:၂၁) နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိပြီး၊ ဘီလာရုစ်မှကစားသမားနှင့် ဖိုင်နယ် ကစားရန်ရှိသော်လည်း ပြိုင်ဘက်ကစားသမားမယ်မှာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒူးလည်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဖိုင်နယ်တွင် တစ်ဦးချင်းယှဉ်ပြိုင်ရသော မြန်မာမှ သက်ထားသူဇာနှင့် မကစားနိုင်တော့ဘဲ Walkover ပေးလိုက်ရသဖြင့် ချန်ပီယံဆုကြီးအား သက်ထားသူဇာက ဆွတ်ခူးရရှိသွားရာ မြန်မာနိုင်ငံမှ ပထမ၊ ဘီလာရုစ်နိုင်ငံမှ ဒုတိယဆုနှင့် မလေးရှားနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှပူးတွဲ တတိယဆုရရှိသွားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၇)နိုင်ငံမှ ကစားသမားဦးရေ (၄ဝဝ)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံ သက်ထားသူဇာသည် ယနေ့နံနက်(၈:၄၅) အချိန်တွင် TG ၃ဝ၃ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် ကျောင်းသား/သူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး၊ အမှုဆောင်နှင့် နည်းပြ ဆရာ/ဆရာမများ၊ မိဘ ၊ဆွေမျိုး၊ မိတ်သင်္ဂဟများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။