နေပြည်တော် ၊ နိုဝင်ဘာလ(၄)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၃)၌ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် မွန်ပြည်နယ်အသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ညနေ (၃:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်း နှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ နေပြည်တော် အသင်းကို (၈) ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၃)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၃) ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။


(၅.၁၁.၂ဝ၁၈) ရက်နေ့ အုပ်စုပွဲစဉ်များအဖြစ် ညနေ (၃:ဝဝ) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ကွင်း(၁) ၌ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိ ရပါသည်။