ရန်ကုန်၊ နိုဝင်ဘာလ( ၄ )ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အားဖြည့် ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးသို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာလှတင့်၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေရေး ကော်မတီဥက္ကဌ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဌများ၊ တွဲဘက်အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် အချိန်နှင့်အမျှနီးကပ်လာပြီဖြစ်သည့်အတွက်ကြောင့် ဖွင့်ပွဲ/ပိတ်ပွဲလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊Management အပိုင်းလိုအပ်ချက်များ၊ အားကစားအထောက်အကူပြုပစ္စည်းများရရှိမှု အခြေအနေများနှင့် ပြိုင်ပွဲဝင်အသင်းတိုင်းတွင် ဒိုင်ဂျူရီ များနှင့် Technical Delegate များ ပါဝင်လာမှုအခြေအနေများနှင့် ပြိုင်ပွဲဝင်အသင်းများ ကြိုတင်စာရင်း ပေးထားမှုအခြေအနေများကို အသေးစိတ်တင်ပြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါက ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းမှ ပြိုင်ပွဲအခြေအနေအခက်အခဲရှိမှုနှင့် GMS နဲ့ ပူးပေါင်းဦးစီးပေးဖို့လိုအပ်ပါကြောင်းနှင့် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းကော်မတီဥက္ကဌ ဒုတိယပါမောက္ခချုပ်မှ ဖွင့်ပွဲ/ပိတ်ပွဲအတွက် ယဉ်ကျေးမှုအကအဖွဲ့များနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အလံတင်အခမ်းအနားနှင့် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပနိုင်ရေး ၊ အားကစားရုံ သတ်မှတ်ပေးနိုင်ရေးများကို လိုအပ်ချက်များနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေများကို Projector များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲအတွက်အားကစားTheam Soung သီချင်း၊ Mascot နှင့် ပြိုင်ပွဲအမှတ်တရအသုံးအဆောင်ပစ္စည်းများ ဖြန့်ဖြူးအသုံးပြုနိုင်မှုအခြေအနေကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှ GMS နှင့် ပတ်သက်သည့်အချက်အလက်များကို အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ (၅.၁၁.၂ဝ၁၈) ရက်နေ့အရောက် ပေးပို့သွားရန်၊ ပြိုင်ပွဲသုံးပစ္စည်းများ၊ ဝတ်စုံများဝယ်ယူရန်တင်ပြထားသည့် ကိစ္စရပ်များအား ပညာရေးဝန်ကြီးဌာနမှ ထုတ်ယူခွင့်ရရှိစေရေး နှင့် လိုအပ်ချက်များအား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီး (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း(၁၈)နည်းမှ အားကစားအဖွဲ့ချုပ်ဥက္ကဌများ၊ အတွင်းရေးမှူးများမှ တင်ပြရာတွင် ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ အဖွဲ့ချုပ်များမှ ပညာရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသော အားကစားအောင်နိုင်ရေးဆပ်ကော်မတီဥက္ကဌများ ပူးပေါင်းဆောင်ရွက်သွားစေဖို့အတွက် အလွန်အရေးကြီးပါကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ အားကစားနည်းအလိုက် အသုံးအဆောင်ပစ္စည်းများ၊ အားကစားဝတ်စုံများ၊ ဒိုင်ဂျူရီများ၊ GMS စနစ်များပြိုင်ပွဲအတွက် လိုအပ်ချက်များကို အားကစားအဖွဲ့ချုပ်တစ်ခုခြင်းစီက အသေးစိတ်ရှင်းလင်တင်ပြဆွေးနွေးညှိနှိုင်းကြရာ ဆွေးနွေးတင်ပြမှုများအား ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အားကစားအဖွဲ့ချုပ်များမှ တတ်နိုင်သလောက် ကုန်ကျစရိတ်များ သက်သာစေရန် လျော့ပေါ့စဉ်းစားဆောင်ရွက်ပေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုန်ကျစရိတ်များ သက်သာသွားမှာဖြစ်သည့်အတွက် များစွာဝမ်းသာပါကြောင်း၊ ဆုတံဆိပ်များ အရည်အသွေးကောင်းမွန်စေရန် လိုအပ်ပါကြောင်း၊ အားကစားယှဉ်ပြိုင်ရာတွင် မိမိတို့ အိမ်ရှင်နိုင်ငံအနေဖြင့် အနိုင်ရစေချင်ပါကြောင်း၊ ယခုပြိုင်ပွဲသည် မိမိတို့နိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်ပွဲဖြစ်၍ ပညာရေးဝန်ကြီးဌာနမှ ဆပ်ကော်မတီအသီးသီးတို့မှလည်း အဘက်ဘက်မှ လစ်ဟင်းမှုမရှိစေဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်ချက်များကို အားဖြည့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါမှဒီပြိုင်ပွဲကြီး စလည်ဆုံး အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မှာဖြစ်ပါကြောင်း၊ လိုအပ်ချက်များကိုလည်း လမ်းညွှန်မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။