နေပြည်တော်၊ နိုဝင်ဘာလ( ၆ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ကျင်းပပြုလုပ်လျက်ရှိရာ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး၊ ရောဂါ ကြိုတင်ကာကွယ်ရေး၊ သက်တမ်းစေ့နေထိုင်ရေးတို့အတွက် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်သော အလေ့အကျင့် ရှိစေရန်၊ အသက်အရွယ် ကျား/မ မရွေး ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အားကစားများပြုလုပ်နိုင်စေရန်ရည်ရွယ်၍ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား 'ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး' Physical Fitness Dance Exercise (၁/၂ဝ၁၈)သင်တန်းကို သင်ကြား ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။
အဆိုပါသင်တန်းတွင် အစိုးရအဖွဲ့ရုံးများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၁၈ဝ)ဦး ဖြင့် (၅.၁၁.၂ဝ၁၈)ရက်နေ့မှ (၃ဝ.၁၁.၂ဝ၁၈)ရက်နေ့ထိ နေ့စဉ် နေ့လည် (၂) နာရီမှ ညနေ(၄)နာရီ အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်သင်ကြားနိုင်ပါကြောင်းသတင်းရရှိပါသည်။