spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 2nd TAOLU WORLD CUP -2018 ပြိုင်ပွဲနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

2nd TAOLU WORLD CUP -2018 ပြိုင်ပွဲနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

 
ရန်ကုန်၊ နိုဝင်ဘာလ( ၁ဝ )ရက်။
 
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် ဒုတိယအကြိမ် ကမ္ဘာ့ဖလားထောက်လုပြိုင်ပွဲ2nd TAOLU  WORLD CUP -2018 ပြိုင်ပွဲ နှင့်ပတ်သက်သည့် စာနယ်ဇင်းနှင့်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ရန်ကုန်မြို့ Myanmar Sports Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာ၊ Sponsor ကုမ္ပဏီများကိုယ်စား ပုဂံအချိုရည်မှ ဒေါ်စန်းစန်းဌေး၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်  အတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်နှင့် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မည့်  မြန်မာအသင်းနည်းပြ Mr. Zhang Long ၊အားကစားသမားများအဖြစ် မောင်ငြိမ်းချမ်းကိုကို၊ မောင်သိန်းသန်းဦး၊  မစန္ဒီဦး၊ မအေးသစ္စာမြင့်နှင့် သတင်းစာဆရာကြီးများ၊ စာနယ်ဇင်းများမှ တာဝန်ရှိသူများ၊ သတင်း MEDIA ရုပ်/သံများ တက်ရောက်ကြသည်။
 
အစီအစဉ်အရ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌ ဦးသစ္စာမှ  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်မှ ပြိုင်ပွဲကြိုတင်ပြင်ဆင် ထားရှိမှု၊ ပြိုင်ပွဲဝင်အားကစားသမားများပါဝင်ယှဉ်ပြိုင်မှုအခြေအနေ၊ ပြိုင်ပွဲအတွက်  ကုန်ကျမှု အခြေအနေ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်မှုအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပံ့ပိုးကူညီထောက်ပံ့မှု၊ Sponsor  ရရှိမှုအခြေအနေနှင့် မြန်မာအသင်းဆုတံဆိပ်ရရှိနိုင်မှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြပါသည်။
 
 
 
ဆက်လက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မြန်မာအသင်းနည်းပြ Mr. Zhang Long မှ  အားကစားသမားတစ်ဦးချင်း၏  ယှဉ်ပြိုင်နိုင်မှု Event    နှင့် ဆုရရှိနိုင်မှုနှင့် ဆုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားမည့်  အခြေအနေများအားတင်ပြပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် စာနယ်ဇင်းသတင်းမီဒီယာများက ပြိုင်ပွဲနှင့် ပတ်သက်သည့်  သိလိုသည်များကို မေးမြန်းကြရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်  တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့ပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦးမှ ကမ္ဘာ့ဖလား (ထောက်လု) ပြိုင်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ အဓိကပံ့ပိုးကူညီ ဆောင်ရွက်မှုနှင့်အတူ အခြာဝန်ကြီးဌာနများ၊ အဖွဲ့ချုပ်ဥက္ကဌ နှင့် Sponsor  များကပါ ဝိုင်းဝန်း ကူညီကြလို့ ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဖြစ်သည်နှင့်အညီ ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ ဆပ်ကော်မတီများနှင့် ပူးပေါင်းကာအားကစားသမားများထိခိုက်မှုဖြစ်ပါက ကျန်းမာရေးဆိုင်ရာကာကွယ် စောင့်ရှောက်မှု၊ နိုင်ငံအချင်းချင်းဆက်သွယ် ပြောဆိုနိုင်မှု၊ ပြိုင်ပွဲဝင်များ Visa အချိန်မီရရှိနိုင်ရေး၊ အကောက်ခွန် လုပ်ငန်းများအဆင်ပြေစေ နိုင်ရေး၊ ပြိုင်ပွဲတွင်Liaison Officer အဆင်ပြေဆက်သွယ် ပြောဆိုပေးနိုင်မှုများအပြင် အခြားလိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါကြောင်းနှင့် ရှင်းလင်းပြောကြားသွားသည်။
 
2nd TAOLU  WORLD CUP -2018 ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး အကြိမ် ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲသို့ ဘရာဇီး၊ တရုတ်၊  ပြင်သစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊အီတလီ၊ ဂျပန်၊  (Macau-မာကူး)၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ရှရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဆွတ်ဇလန်၊ စပိန်၊ တိုင်ပေ၊ အမေရိကန်၊ ယူကရိန်နှင့် ဗီယက်နမ် နိုင်ငံတို့မှ ပြိုင်ပွဲ ဝင်အားကစားသမားပေါင်း (၁၄၃)ဦးတို့ က ပြိုင်ပွဲအမျိုးအစား အားကစားနည်း (၂၂)မျိုးတွင် အမျိုးသားပြိုင်ပွဲ၌ (၁၁)မျိုးနှင့် အမျိုးသမီးပြိုင်ပွဲ၌ (၁၁)မျိုးမှ ချန်းချွမ်၊ နန်းချွမ်၊ ထိုက်ကျိချွမ်၊ သောင်းစု၊ ကျန့်စု၊ နန်းသောင်း၊ ထိုက်ကျိကျန်၊ ကွန့်စု၊ ချန်းစု၊ နန်းကွန့်နှင့် သွေ့လျန့် ပြိုင်ပွဲ အမျိုးအစားများကျင်းပသွားမည်ဖြစ်သည်။
 
မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့်  မြန်မာအသင်းအနေဖြင့် ငြိမ်းချမ်းကိုကိုက (ထိုက်ကျိချွမ်၊ ထိုက်ကျိကျန့်) ပြိုင်ပွဲအားလည်းကောင်း၊ သိန်းသန်းနိုင်က (နန်းသောင်းနှင့် နန်းကွန့်) ပြိုင်ပွဲအားလည်းကောင်း၊ စန္ဒီဦးက (ကျန့်စုနှင့် ချန်းစု)ပြိုင်ပွဲအားလည်းကောင်း၊ အေးသစ္စာမြင့် က (နန်းသောင်းနှင့် နန်းကွန့်)ပြိုင်ပွဲအားလည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး မြန်မာနိုင်ငံ ဝူရှူးအသင်းခေါင်းဆောင် ဒေါ်သန်းသန်းအေး၊ အုပ်ချုပ်သူ ဦးကျော်အေးနှင့် အသင်းနည်းပြအဖြစ် တရုတ်နိုင်ငံသား Mr. Zhang Long တို့က ဆောင်ရွက်သွားမည်ဖြစ် ကြောင်း နှင့် ပြိုင်ပွဲတွင် ပထမဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ တရုတ်ယွမ် (၁ဝဝဝဝ) ၊ ဒုတိယဆု ဆုတံဆိပ်နှင့် တရုတ်ယွမ် (၆ဝဝဝ)နှင့် တတိယဆု ဆုတံဆိပ်နှင့် တရုတ်ယွမ်(၃ဝဝဝ)တို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/2nd-taolu-world-cup-2018-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%90%E1%80%BA%E1%80%9E%E1%80%80%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%85%E1%80%AC%E1%80%94%E1%80%9A%E1%80%BA%E1%80%87%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95