လွိုင်ကော် နို၀င်ဘာ (၁၀)။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်မျိုးသားလုံး စိတ်ပါ၀င်စားစွာဖြင့် ပါ၀င်ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူထုလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ်ကို နို၀င်ဘာ (၁၀) ရက် နံနက် ၅ နာရီခွဲ အချိန်က လွိုင်ကော်မြို့တွင် ကျင်းပခဲ့ရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများ၊ တိုင်းရင်းသားပြည်သူများ ပါ၀င်ဆင်နွဲခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မှ သေနတ်ပစ်ဖောက်ကာ နာရီစင်မှစတင်၍တာထွက်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှေ့လမ်း ၊ ချိကယ်လမ်း ထိုမှ လွိုင်ကော် - ရှားတော လမ်းမကြီးအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး ကန္ဒာဟေဝန်ပန်းခြံရှိ ကန္ဒရဝတီကျောက်သား ရင်ပြင်တွင်ပန်း၀င်ခဲ့ကြပြီး ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁) (၂) နှင့် ဇွန်ဘာလေ့ကျင့်ခန်း တို့ကို တစ်ပျော်တစ်ပါး လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ထို့နောက် စုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင် ဆင်နွှဲသူများကို အမြင့်ဆုံး ကျပ် (၈၀၀၀၀) တန်ဖိုးရှိ စက်ဘီး (၁) စီး အပါအ၀င် ဆုမဲများကိုလည်း ဖွင့်ဖောက်ပေးခဲ့ပြီး ထုတ်ဆီးတိုးပြိုင်ပွဲကိုဆက်လက်ကျင်းပပေးခဲ့သည်။
လူထုလှုပ်ရှားအားကစားအား မြို့ပေါ်နေပြည်သူလူထုများသာမက ကျေးလက်နေ ပြည်သူများပါ ပါ၀င်ဆောင်ရွက်စေမည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန်နှင့် မြို့နှင့် ကျေးလက် တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွိုင်ကော်မြို့ပေါ်တွင်သာမက အပတ်စဉျ တနင်္ဂနွေနေ့များတွင် လောပိတ၊ လွိုင်လင်လေး၊ ကုန်းသာ၊ ၀ါရီကောခူ၊ ဧက (၅၀၀) တို့တွင် လည်း အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး နို၀င်ဘာ လနှင့် ဒီဇင်ဘာလ (၂) လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကျန်မြို့နယ်များဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်များတွင် နို၀င်ဘာလ ကျေးရွာများတွင် လည်းကောင်း၊ ဒီဇင်ဘာ လတွင် မြို့ပေါ် ရပ်ကွက်များလည်းကောင်း ဆောင်ရွက်သွားပါမည်။