ရန်ကုန်၊ နိုဝင်ဘာလ( ၁၁ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် (၄၅)ကြိမ်မြောက်တိုင်းဒေသကြီး နှင့်ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အသင်းအုပ်ချုပ်နည်းပြများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလမောင် ၆ဝ၊၆၅၊ ၇ဝ၊၇၅နှင့် ၇၅ ကီလိုတန်းအထက် Man Sport Physique နှင့် Model Physique အမျိုးသမီး ၁၆ဝ စင်တီမီတာအောက်၊ ၁၆ဝစင်တီမီတာနှင့်အထက် ပြိုင်ပွဲ အားကစားသမားများကို ပဏာမရွေးချယ်ကြသည်။ ဆက်လက်ပြီးကီလိုတန်းအလိုက်ပဏာမ ရွေးချယ်ခံရသော ကစားသမားများက အပြည်ပြည်ဆိုင်ရာ သတ်မှတ်ကိုယ်ဟန်ပြခုနှစ်မျိုးတို့ကို ဆက်လက် ယှဉ်ပြိုင်ကြပြီး ကီလိုတန်းလိုက် ဗိုလ်လုပွဲသို့ ပြိုင်ပွဲဝင် ငါးဦးစီ တက်ရောက်ကြကာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင် တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကာယဗလမောင် ကီလိုတန်းအလိုက်ပထမဆုရရှိကြသူများက အပြည်ပြည်ဆိုင်ရာသတ်မှတ်ကိုယ်ဟန်ပြဖြင့် all roung ယှဉ်ပြိုင်ကြရာ ကချင်ပြည်နယ်မှ ဇော်တောင် က ချန်ပီယံဆုရှိသွားရာ အဖွဲ့ချုပ်ဥက္ကဌ ဦးညီညီ က ဆုချီးမြှင့် ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ် ရမှတ် ၈၅မှတ်ဖြင့် တံခွန်စိုက်ဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းကို ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးကျော်ဦး ကချီးမြှင့်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်း က ရမှတ် ၈၅မှတ်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က ၇၅ မှတ်ဖြင့် ဒုတိယ၊ ကချင်ပြည်နယ်အသင်း က ရမှတ် ၅၅ မှတ်ဖြင့်တတိယ အသီးသီးရရှိခဲ့သည်။ (၄၅)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးအသင်း တံခွန်စိုက်ဆုဖလားကြီးကို သုံးကြိမ်ဆက်တိုက် ဆွတ်ခူးရရှိ သွားသည်။ အားကစားသမား ၉ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။