နေပြည်တော် ၊ နိုဝင်ဘာလ (၁၄) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ် အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ နေ့လည် (၁)နာရီခွဲ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း-၃ ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် နှင့်တာဝန်ရှိသူများ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကတ် အဖွဲ့ချုပ် ဥက္ကဌဦးသန်းဝင်း နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ခရစ်ကတ်ဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြပါသည်။

ဆက်လက်၍ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် နံနက်(၈)နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှ လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နေ့လည် (၁)နာရီခွဲ အချိန်တွင် ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ လည်းကောင်းအသီးသီးအနိုင်ရ ရှိသွားပါသည်။


ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အမျိုးသား အကောင်းဆုံး အရိုက်ဆု ရရှိသွားသော ပြည့်ဖြိုးဝေ (ရန်ကုန်)၊ အကောင်းဆုံး အပစ်ဆုရရှိသွားသော ကောင်းထက်ကျော် (ရန်ကုန်)နှင့် အကောင်းဆုံးအားကစားသမားဆု ရရှိသွားသော ချစ်မင်းခန့် (ပဲခူး) တို့အား မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကြည်မင်းမှ လည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးအရိုက်ဆုနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော မေပိုးပိုးစံ (မန္တလေး)၊ အကောင်းဆုံး အပစ်ဆုရရှိသွားသော သဲသဲမိုး (ရန်ကုန်) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင် မှလည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုနှင့် ပူးတွဲတတိယဆု ရရှိသွားသော ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင် မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုး မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော ကယားပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုနှင့်ပူးတွဲတတိယဆု ရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့အား ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းဝင်းမှ လည်းကောင်း၊ အမျိုးသမီးတံခွန်စိုက် ဆုဖလား ရရှိသွားသော ရခိုင်ပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မှ လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
