ရန်ကုန်၊ နိုဝင်ဘာလ( ၁၇ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ဝူရှူး အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝူရှူးထောက်လုအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ကြိုဆိုညစာစားပွဲအခမ်းနားကို ယမန်နေ့ညနေ (၆)နာရီ၌ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားဝင်းအတွင်းရှိ Myanmar Sports Hotel ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်မှ အမြဲတမ်းဒုတိယဥက္ကဌ Anthony Goh ၊ ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အဖွဲ့ဝင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကြ ဦးသစ္စာနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ၊ ပြိုင်ပွဲ အသင်းအုပ်ချုပ်သူ/နည်းပြနှင့် ကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က အဖွင့် အမှာစကားပြောကြားရတွင် ဝူရှူးအားကစားနည်းဟာ ကမ္ဘာပေါ်တွင် တိုးတက်ပျံ့ပွားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုထက် ပိုမို တိုးတက်ပျံ့ပွားလာစေရေးအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝူရှူး ထောက်လုအားကစားနည်းကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိ တဲ့ အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ကို ၁၉၉၃ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ၁၉၉၉ခုနှစ် အရှေ့တောင်အာရှ ဖိတ်ခေါ်ပြိုင်ပွဲ ၊၂ဝဝ၄ခုနှစ် အာရှဝူရှူးဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂ဝ၁၃ခုနှစ်၊ 27th SEA Gamesအိမ်ရှင်ပြိုင်ပွဲများ အား လက်ခံကျင်းပပေးခဲ့ပြီး ယခုကြိမ်မှာ စတုတ္ထကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ် သည်များကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သလို ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အနေနှင့်လည်း မြန်မာနိုင်ငံတွင် ဝူရှူးအားကစားနည်း တိုးတက်စေရေးအတွက် ဆက်လက်ကူညီဆောင်ရွက် ပေးစေလိုကြောင်း။
ယခုကဲ့သို့ကမ္ဘာ့အဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းအားဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြသော အားကစားသမားများသည် ကမ္ဘာ့အဆင့် မီသော အဆင့်မြင့်သော အားကစားသမားများဖြစ်ကြ၍ မြန်မာနိုင်ငံဝူရှူးအားကစားနည်းတွင် အဖိုးမဖြတ်နိုင်သော ဝူရှူး အားကစားနည်းစနစ်များအား မြန်မာမျိုးဆက်သစ်ဝူရှူးအားကစားသမားများ မျက်ဝါးထင်ထင် တွေ့မြင်ရရှိကြရမှာဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ်မှ အမြဲတမ်း ဒုတိယဥက္ကဌ Anthony Goh မှ ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကျင်းပမည့် ဝူရှူးထောက်လုပြိုင်ပွဲဟာ ဆိုရင် ကမ္ဘာတစ်ဝှမ်း ဝူရှူးအားကစားဖွံ့ဖြိုးတိုးတက်မှုရဲ့ အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံလိုက်လက်ရွေးစင်အားကစားသမားများ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု စွန့်လွတ် အနစ်နာခံမှုများတွင် ယခုပြိုင်ပွဲကြီးက မျက်ဝါးထင်ထင်တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုနိုင်ငံ လက်ရွေးစင်အားကစားသမားများသည် နောင်တချိန်နိုင်ငံ့ဂုဏ်ဆောင် ဖြစ်စေမည့် မျိုးဆက်သစ် အားကစားသမားများ စံပြပုဂ္ဂိုလ်များ ဖြစ်လာမှာယုံကြည်ပါကြောင်းပြောကြားပါသည်။
ထို့နောက် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူးထောက်လုပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတွင် အဖက်ဖက်ကဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော အလှူရှင်များအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် တို့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြပါသည်။ ဆက်လက်၍ ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အဖွဲ့ဝင် မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကြ ဦးသစ္စာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်ပြိုင်ပွဲဝင်နိုင်ငံများမှအသီးသီး မိတ်ဆက်ကြပါသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ကမ္ဘာ့ဝူရှူး အဖွဲ့ချုပ် အမြဲတမ်း ဒုတိယ ဥက္ကဌ၊ ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အဖွဲ့ဝင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှဦးကြီးစိန်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု သံအမတ်ကြီး တို့မှ ဖဲကြိုးဖြတ်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံကြပါသည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၂၁) နိုင်ငံမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား (၁၄၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၂၂)မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ နိုဝင်ဘာ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။