ရန်ကုန်၊ နိုဝင်ဘာလ (၁၈)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကမ္ဘာ့ဝူရှူးအားကစား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံပြီး ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) အားကစားပြိုင်ပွဲအား ယနေ့ နံနက် (၈)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုထပ်မံ ဆွတ်ခူးရရှိပြီး မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ကြည့်ရှု အားပေးကာဆုများကို ချီးမြှင့်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ကမ္ဘာ့ဝူရှူး အားကစားအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဌ Anthony Goh ၊ ကမ္ဘာ့ဝူရှူးအားကစား အဖွဲ့ချုပ် အဖွဲ့ဝင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

နံနက်ပိုင်းပွဲစဉ်များကို စတင််ကျင်းပရာ အမျိုးသား Gun shu ပြိုင်ပွဲကို စတင်ကျင်းပရာ ရုရှားနိုင်ငံမှ ပထမ၊ တိုင်ပေနိုင်ငံမှ ဒုတိယ၊ ကိုရီးယားနိုင်ငံမှ တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး Gun shu ပြိုင်ပွဲတွင် ဟောင်ကောင်မှ ပထမ၊ ရုရှားနိုင်ငံမှ ဒုတိယ၊ ဗီယက်နမ်နိုင်ငံမှ တတိယဆု ကိုလည်းကောင်း၊ အမျိုးသား Qiang shu ကျန်းစုပြိုင်ပွဲ မလေးရှားနိုင်ငံမှ ပထမ၊ ဂျပန်နိုင်ငံမှ ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံမှ တတိယဆု ကိုလည်းကောင်း၊ အမျိုးသမီး Qiang shu ကျန်းစုပြိုင်ပွဲတွင် မလေးရှားနိုင်ငံမှ ပထမ၊ မြန်မာနိုင်ငံမှ စန္ဒီဦး က ဒုတိယ၊ ဂျပန်နိုင်ငံမှ တတိယဆု ကိုလည်းကောင်း၊ အမျိုးသား Nan quan ပြိုင်ပွဲ ဗီယက်နမ်နိုင်ငံမှ ပထမ၊ ဖိလစ်ပိုင်နိုင်ငံမှ ဒုတိယ၊ မကာအိုနိုင်ငံမှ တတိယဆု ကိုလည်းကောင်း၊ အမျိုးသမီး Nan quan ပြိုင်ပွဲ ဟောင်ကောင်နိုင်ငံမှ ပထမ၊ ဗီယက်နမ် နိုင်ငံမှ ဒုတိယ၊ မြန်မာနိုင်ငံမှ အေးသစ္စာမြင့် က တတိယဆုကိုလည်းကောင်း ဆုများအသီးသီး ရရှိပါသည်။
မနက်ပိုင်းပြိုင်ပွဲများအပြီး ဆုများကို ချီးမြှင့်ရာ အမျိုးသား Gun shu ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့မှ လည်းကောင်း၊ အမျိုးသမီး Gun shu ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးတို့မှ လည်းကောင်း၊ အမျိုးသား Qiang shu ကျန်းစုပြိုင်ပွဲ တွင် ဆုရရှိကြသူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး နှင့် ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဌ Anthony Goh တို့မှ လည်းကောင်း၊ အမျိုးသမီး Qiang shu ကျန်းစုပြိုင်ပွဲ ဆုရရှိကြသူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး နှင့် ကမ္ဘာ့ဝူရှူး အားကစား အဖွဲ့ချုပ် အဖွဲ့ဝင်မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာ တို့မှ လည်းကောင်း၊ အမျိုးသား Nan quan ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်အဖွဲ့ဝင် Mr. Ang Mong Seng နှင့် မြန်မာနိုင်ငံခြေလျင်တောင်တက် အသင်းဥက္ကဌ ဒေါက်တာနေစိုးမောင်တို့မှ လည်းကောင်း၊ အမျိုးသမီး Nan quan ပြိုင်ပွဲတွင် ဆုရရှိကြအား ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်အဖွဲ့ဝင် Mrs. Daria Tarasova နှင့် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် တို့မှ လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ညနေပိုင်းပွဲစဉ်အဖြစ် ကျင်းပရာ အမျိုးသား Taijijian ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငြိမ်းချမ်းကိုကိုက ပထမ၊ ဟောင်ကောင်က ဒုတိယနှင့် တတိယ ဆုကို လည်းကောင်း၊ အမျိုးသမီး Taijijian ပြိုင်ပွဲတွင် ဟောင်ကောင်က ပထမ၊ ဗီယက်နမ်က ဒုတိယ၊ မလေးရှားက တတိယ ဆုကိုလည်းကောင်း၊ အမျိုးသား Duel ပြိုင်ပွဲတွင် ယူကရိန်က ပထမ၊ အိန္ဒိယ က ဒုတိယဆု ကိုလည်းကောင်း၊ အမျိုးသမီး Duel ပြိုင်ပွဲတွင် မလေးရှား က ပထမ၊ မကာအို က ဒုတိယ၊ အမေရိကန်က တတိယ ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိ သွားကြပါသည်။
ညနေပိုင်းပွဲစဉ်များအပြီး ဆုများကို ချီးမြှင့်ရာ အမျိုးသား Taijijian ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့ မှ လည်းကောင်း၊ အမျိုးသမီး Taijijian ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဌ Anthony Goh နှင့်မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်နိုင် တို့မှ လည်းကောင်း၊ အမျိုးသား Duel ပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့မှ လည်းကောင်း၊အမျိုးသမီးDuel ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌဟောင်း ဦးခင်မောင်လေးနှင့် ကမ္ဘာ့ဝူရှူးအားကစား အဖွဲ့ချုပ် အဖွဲ့ဝင်မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာတို့မှ လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

ပြိုင်ပွဲအပြီးအလံလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဌ Anthony Goh နှင့် ကမ္ဘာ့ဝူရှူးအားကစား အဖွဲ့ချုပ် အဖွဲ့ဝင် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာ တို့က ပြိုင်ပွဲကို အောင်မြင်စွာလက်ခံကျင်းပ နိုင်ခြင်းအတွက် ကျေးဇူးတင်စကား အသီးသီးပြောကြား ပြီးနောက် တတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ဂျပန်နိုင်ငံသို့ အလံလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသည် ပြိုင်ပွဲအမျိုးအစား (၂၂)မျိုးကျင်းပပြုလုပ်ပြီး ပြိုင်ပွဲနိုင်ငံပေါင်း (၂၁)နိုင်ငံမှ ကမ္ဘာ့ဝူရှူးအဆင့် သတ်မှတ်ချက် အဆင့်(၁)မှ (၈)အထိ ရှိသူများအား ပါဝင်ယှဉ်ပြိုင် ခွင့်ရရှိသော အားကစားသမား (၈၆)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုရရှိပြီး ရွှေတံဆိပ်အများဆုံးဖြင့် တရုတ်နိုင်ငံမှ ဆုရရှိသွားကြောင်းသိရှိရပါသည်။