ရန်ကုန်၊ နို၀င်ဘာလ( ၁၉ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်မှုဖြင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် IBSF World Billiards & Snooker အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IBSF World Billiards & Snooker Championships 2018 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် Long Up ဘိလိယက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနာများကို ယမန်နေ့ညနေ(၆)နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ Grand Mersure Hotel ၌ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲ၊ ကြိုဆိုဧည့်ခံပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်၀င်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘိလိယက်နှင်စနူကာ အဖွဲ့ဥက္ကဌဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌများ၊ IBSF အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့်ဖိတ်ကြားထားသူများ၊ အလှူရှင်များ၊ နိုင်ငံအသီးသီးမှ ဘိလိယက်နှင့်စနူကာအားကစားသမားများတက်ရောက်ကြသည်။
အစီအစဉ်အရ Long Up ဘိလိယက်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အားကစားသမား (၃၇)ဦး ပါ၀င်ယှဉ်ပြိုင်ကြရာ(၁၆)ဦးအဆင့်တွင် မြန်မာမှ ချစ်ကိုကိုနှင့် နေသွေးဦးတို့(၂)ဦးသာ တက်ရောက်နိုင်ခဲ့ပြီး၊ ကွာတားအဆင့်တွင် ချစ်ကိုကိုတစ်ဦးသာတက်ရောက်နိုင်ခဲ့သည်။ ကွာတားဖိုင်နယ်ပြိုင်ပွဲ၌ ကမ္ဘာ့ချန်ပီယံ Pankaj Advani (အိန္ဒိယ)က မြန်မာမှ ချစ်ကိုကိုအား (၁၀၀၀မှတ်/ ၅၈၈မှတ်)ဖြင့်အနိုင်ရရှိသွားခဲ့သည်။
ဗိုလ်လုပြိုင်ပွဲတွင် Pankaj Advani (အိန္ဒိယ)က Baskar Balachandra (အိန္ဒိယ)ကို ( ၁၅၀၀မှတ်/၂၉၉မှတ်)ဖြင့် Pankaj Advani (အိန္ဒိယ)ကအနိုင်ရဗိုလ်စွဲသွားသည်။ Pankaj Advani (အိန္ဒိယ)သည် 150 Up နှင့် Long Up ပြိုင်ပွဲနှစ်ရပ်စလုံး၌ ကမ္ဘာ့ချန်ပီယံ ပထမရွှေတံဆိပ်နှစ်ခုစလုံးကိုရယူသွားနိုင်ခဲ့သည်။
Long Up ဆုပေးပွဲများကိုဆက်လက်ကျင်းပရာ ပူးတွဲတတိယဆုရရှိသည့် David Causier (အင်္ဂလန်)အား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသိန်းဟန် မှလည်းကောင်း၊ တတိယဆုရရှိသည့် Sourav Kothan (အိန္ဒိယ)အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦးမှလည်းကောင်း၊ ဒုတိယဆုရ Baskar Balachandra (အိန္ဒိယ)အား IBSFကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဒုတိယ ဥက္ကဌ Mr Jim Leacy မှလည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ Long Up ဘိလိယက်ပြိုင်ပွဲအတွက် ကမ္ဘာ့ချန်ပီယံပထမဆုကို Pankaj Advani (အိန္ဒိယ)အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်းဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ချန်ပီယံ အိန္ဒိယအားကစားသမားနှင့်အတူ အောင်ပွဲခံစင်မြင့်၌ အိန္ဒိယနိုင်ငံတော်အလံတင်အခမ်းအနားကျင်းပခဲ့သည်။
ဆက်လက်ပြီး IBSF World Billiards & Snooker Championships 2018 ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားပြောကြား၍လည်းကောင်း၊ IBSF ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဌ Mr Jim Leacy က မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့်ဘိလိယက်ပြိုင်ပွဲကြီးကို ကျင်းပခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အိမ်ရှင်နိုင်ငံ၏ ဧည့်၀တ်ကျေပွန်မှုနှင့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံဟာ ထင်ထားတာထက်အေးချမ်းပြီးဧည့်၀န်ကျေပွန်မှုကြောင့် ပြိုင်ပွဲ၀င်နိုင်ငံများကိုယ်စား ကျွန်တော်က မြန်မာအစိုးရနှင့်ပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် Main Sponsor Black Shield, The Offical Time Keeper Sponsor, The Veru Sponsor Grand Mersure Hotel. T-Home. Fresh Up. Myint Tun Oo Gems & Jewelry. Thirawmani Group Companies. Pang Huke Duwa Co., Ltd. Golden Praragon တို့အား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာ၀န်ရှိပုဂ္ဂိုလ်များက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး ကြိုဆိုညစာစားပွဲဖြင့် ဧည့်ခံခဲ့ကြောင်းနှင့် ဘိလိယက်ပြိုင်ပွဲများဖြစ်သည့် 150 UP နှင့် Long Up ပြိုင်ပွဲ ပွဲစဉ်များပြီးဆုံးကာ နို၀င်ဘာလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ စတင်၍ Grand Mersure Hotel ၌ စနူကာပြိုင်ပွဲများစတင်ကျင်းပမည်ဖြစ်ပြီး စနူကာ အားကစား၀ါသနာရှင်များ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။