နေပြည်တော်၊ နို၀င်ဘာလ(၁၉)ရက်။
၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုနှင့် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ အောင်မြင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတာ၀န်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြပါသည်။

ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနှင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ်သတ်မှတ်ပြီး လူထုစုပေါင်းပါ၀င်ဆင်နွှဲသော ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများ၊ လမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများကို ပုံမှန်ပြုလုပ်ကျင်းပလျက်ရှိပြီး ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြည်သူများကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာပြီး စိတ်ဓါတ်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ ယခုထက်ပိုမို ပါ၀င်ဆင်နွှဲလာစေရေးအတွက် စည်းရုံးလှုံ့ဆော်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ WHO၏ မှတ်တမ်းများအား ပြည်သူများ နေ့စဉ်လုပ်ငန်းလုပ်ကိုင်နေမှုတွင် (၅)နာရီထက်ပိုပြီး ရုံးတွင်းလုပ်ငန်းလုပ်ကိုင်နေရသောကြောင့် မကူးစက်နိုင်သောရောဂါများပိုမိုဖြစ်ပွားလာပြီး အသေအပျောက်များပြားလာကြောင်း၊ ထို့ကြောင့် ပြည်သူများ ဒီဇင်ဘာလအားကစားလတွင်သာမကဘဲ ကိုယ်လက်လှုပ်ရှားမှုများအား နေ့စဉ်ပုံမှန်ရသည့်အချိန်များတွင်ပြုလုပ်သွားကြရန်လိုအပ်ပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အားကစားလှုပ်ရှားမှုများကို အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေပြုလုပ်လာနေသည်ကိုတွေ့ရပါကြောင်း၊ ထိုသို့ ပြုလုပ်မှုကို ပိုမိုကောင်းမွန်ကျယ်ပြန့်လာအောင် ဝိုင်း၀န်း ကူညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နောင်တွင် ဆရာ၀န်များ ဆေးကုသရာ၌ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းများပါ ထည့်သွင်းကုသရန်လိုအပ်ပါကြောင်း၊ လူတစ်ဦးလျှင် အနည်းဆုံးတစ်ပတ် (၃)ရက်ခန့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရမည်ဖြစ်ပြီး ပြည်သူများ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုယ်လက်လှုပ်ရှားမှု (Fitness Dance) များတွင် လက်တွေ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုလုပ်ငန်းများ ပိုမိုအောင်မြင်လာပြီး ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်နိုင်ရန် ကူညီဝိုင်း၀န်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ဦးစီးဌာနအနေနှင့် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများကို ပြည်သူများပိုမိုစိတ်ပါ၀င်စားပါ၀င်ဆောင်ရွက်လာစေရေးအတွက် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ၀န်ထမ်းများ၊ ပြည်သူများ ပိုမိုပါ၀င်လာနိုင်စေရန် အားကစားနည်းများ ပိုမိုထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ၀န်ကြီးဌာန ပြိုင်ပွဲများအဖြစ် ဖူဆယ်အားကစားရုံ၌ ဖူဆယ်(ကျား)ပြိုင်ပွဲ၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ပိုက်ကျော်ခြင်း(ကျား)၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း-၁ ၌ ထုပ်ဆီးတိုး (မ)၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း-၃ လွန်ဆွဲ (ကျား/မ) ပြိုင်ပွဲများအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးနေ့တွင် ၀န်ထမ်းများ ပျော်ရွှင်စွာပါ၀င်ဆင်နွှဲနိုင်စေရန် လေ့ကျင့်ရေးကွင်း(၁)၌ မီတာ(၁၀၀၊၂၀၀၊၄၀၀၊၈၀၀)ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဆုကြေးများအဖြစ် ၀န်ကြီးဌာနပေါင်းစုံပြိုင်ပွဲများအား ပထမ(၁၅)သိန်း၊ ဒုတိယ(၁၀)သိန်း၊ တတိယ(၇)သိန်းဖြင့် တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်းနှင့် ပျော်ပွဲရွှင်ပွဲများတွင်လည်း ဆုကြေးများအဖြစ် ပထမ(၅)သောင်း၊ ဒုတိယ(၃)သောင်း၊ တတိယ(၂)သောင်းချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်းအိမ်ယာအသီးသီးတွင် ၀န်ကြီးဌာနများမှဦးဆောင်၍ မိသားစု လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲများကို သတ်မှတ်ဇုန်အလိုက် အသီးသီးကျင်းပသွားမည် ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ အသီးသီးရှိ မြို့နယ်များ၌ ရပ်ကွက်၊ ကျေးရွာများတွင် ဇုန်အလိုက် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးမှပြောကြားရာတွင် ၀န်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲများပါ၀င်ယှဉ်ပြိုင်နိုင်မှု စည်းမျဉ်း/စည်းကမ်းများကိုရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးမှပြောကြားရာတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ လူထုလမ်းလျှောက်ပွဲကို နေပြည်တော်၌ကျင်းပမည့်အစီအစဉ်အဖြစ် ဒီဇင်ဘာလ၏ စနေနေ့များဖြစ်သော (၁၊ ၈၊ ၁၅၊ ၂၂၊ ၂၉) ရက်နေ့များတွင် နေပြည်တော် မြို့မဈေးစုရပ်မှ စ၍အပတ်စဉ် နံနက်(၅:၄၅) အချိန်တွင်စတင်၍တာထွက်ပြီး သပြေကုန်းအဝိုင်း ကျောက်မျက်ရတနာပြတိုက်ရှေ့ ရင်ပြင်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ၀န်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များမှ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ဆင်နွှဲရေးကိစ္စရပ်များ၊ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ ပါ၀င်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်၍ ၀န်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲကို ဦးဆောင်ကျင်းပမည့် အားကစားအဖွဲ့ချုပ်များမှ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများမှ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထွေထွေကိစ္စရပ်များအား ဝိုင်း၀န်းဆွေးနွေးကြပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုယ်လက်လှုပ်ရှားအားကစားကိုပြုလုပ်ခြင်းဖြင့် ကျန်းမာမှုများကို အထောက်အကူပြုစေကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ၀န်ထမ်းများရသည့်အချိန်တွင် ရသည့်နည်းလမ်းဖြင့် ပြုလုပ်နိုင်ကြောင်း စသည့်အချက်အလက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓါတ်၊ စည်းကမ်း ပိုမိုတိုးတက်လာမည် ဖြစ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။