ရန်ကုန်၊ အောက်တိုဘာလ( ၁ )ရက်။
ဗီယက်နမ်နိုင်ငံ Danang မြို့တွင် ဇူလိုင်လ(၂၅) ရက်နေ့ မှ (၃၁)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် 2017 SEARF Junior and Senior Rowing Championships ပြိုင်ပွဲတွင်နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အပြည်ပြည်ဆိုင်ရာလှေ အသင်းအား ဂုဏ်ပြုခြင်းနှင့် 2017 ACC Sprint Championship, Shanghai ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ကနူး/ကယက် လှေအသင်းနှင့် 3th IDBF World Nations Championships, Kunming ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ညနေ(၆)နာရီက ရန်ကုန်တိုင်း ဒေသကြီး အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် တွင် ကျင်းပရာ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဗီယက်နမ်နိုင်ငံ Danang မြို့တွင် ဇူလိုင်လ(၂၅) ရက်နေ့ မှ (၃၁)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် 2017 SEARF Junior and Senior Rowing Championships ပြိုင်ပွဲတွင် ပထမဆုနှင့်တတိယဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် အပြည်ပြည်ဆိုင်ရာလှေအသင်းနှင့် နည်းပြတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် ၊ ဦးနေလင်း Golden Inyar Restaurant နှင့် Myanmar Fitness Clup တို့က ဂုဏ်ပြုဆုငွေများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။
ယင်းနောက် 2017 ACC Sprint Championship, Shanghai ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ကနူး/ကယက်လှေအသင်းနှင့် 3th IDBF World Nations Championships, Kunming ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းတို့က တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုကြပြီး အုပ်ချုပ်သူနည်းပြများက ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ အားကစား နှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ညစာနှင့် တည်းခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။