လွိုင်ကော်၊ နိုဝင်ဘာ (၂၅)။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀)ကျေးရွာအုပ်စုတွင် လောပီတလမ်းမကြီး ဆေးတပ်စုရပ်မှစတင်၍ လူထုစုပေါင်း လမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုနေပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ဆင်နွှဲလမ်းလျှောက်ခဲ့ကြသည်။

ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှာက်ခဲ့ရာ လောပီတလမ်းမကြီး ဆေးတပ်စုရပ်မှ မကြန်သာလမ်းနှင့် ပြည်ထောင်စုလမ်းမအတိုင်း ထို့မှတဆင့် GTC လမ်းကိုဖြတ်၍ နဒီလမ်းမှ သဇင်လမ်းအတိုင်း လျှောက်ကာ အ.လ.က(ဧက၅၀၀)ကျောင်းအတွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် အ.လ.က(ဧက၅၀၀)ကျောင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်(၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ကြကာ ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူလူထုနှင့် ကျောင်းသူကျောင်းသားများအား ကောက်ညှင်းပေါင်းများ ဝေငှပေးခဲ့ပြီးနောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့သည်။
အဆိုပါ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀)ကျေးရွာအုပ်စု လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ လူထုအင်အား(၁၃၅၀) ကျော်ပါဝင်ဆင်နွဲခဲ့ကြ ကြောင်းသတင်းရရှိသည်။