နေပြည်တော်၊ နိုဝင်ဘာ (၂၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့ပူးပေါင်းကျင်းပသည့် (၆ဝ)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်ဆုဖလား စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အမျိုးသား(၁၅၄)ကီလိုမီတာ အလွတ်တန်းတာဝေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အားကစားသမား(၄ဝ)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲကို ကလပ်အသင်း (၆) သင်းဖြင့် ယှဉ်ပြိုင်ရာ ပြိုင်ပွဲလမ်းကြောင်း အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှစတင်တာလွှတ်ပြီး သပြေကုန်းအဝိုင်း၊ ကံ့ကော်အဝိုင်း၊ လေဆိပ်မှတဆင့် ရာဇသဂင်္ဟလမ်း၊ အင်ကြင်းပန်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုအဝိုင်း၊ ကြာပန်းအဝိုင်း၊ နေပြည်တော်တပ်ကုန်းအမှတ်(၁) ၁၅မိုင်၆ဖာလုံမှ ထိုမှပြန်လှည့်၍ ခွာညိုပန်းအဝိုင်းမှ လာရာလမ်းအတိုင်းစီးနင်းပြီး ဝဏ္ဏသိဒ္ဓိအဝိုင်း၊ ပျဉ်းမနား၊ တောင်ညိုလမ်း တို့မှတဆင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ ပန်းဝင်စေခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် အားစိန် (Gtant Team) မှ စံချိန်(၄းဝ၅.ဝ၁.၁၈)ဖြင့် ပထမ၊ ကျော်ထွန်းဦး (Mandalay Team) မှစံချိန်(၄းဝ၅.၂၉.၅၇)ဖြင့် ဒုတိယ၊ အောင်ဖြိုးမင်း (Gtant Team) မှစံချိန် (၄းဝ၅.၃၆.၃၆)ဖြင့် တတိယ၊ အားယီ(Gtant Team)မှ စံချိန် (၄း၁၁.၃၂.၂ဝ)ဖြင့် စတုတ္ထ၊ ဇင်လင်းကို(Trinx Team)မှစံချိန်(၄း၂၂.၅၇.၅၁)ဖြင့် ပဥ္စမဖြင့် အသီးသီးရရှိခဲ့ပြီး ညနေ(၃)နာရီအချိန်တွင်BMX လေ့ကျင့်ကွင်း၊ Mount Pleasant တွင်BMX စက်ဘီးပြိုင်ပွဲ လူရွေးပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
အဆိုပါ (၆ဝ)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလားစက်ဘီးပြိုင်ပွဲ (တစ်ဦးချင်းစံချိန်ပြု စက်ဘီးပြိုင်ပွဲ၊ အသင်းလိုက်စံချိန်ပြုစက်ဘီးပြိုင်ပွဲ၊ BMX စက်ဘီးစီးပြိုင်ပွဲ) များကို (၂၉.၁၁.၂ဝ၁၈) ရက်နေ့မှ(၁.၁၂.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ စက်ဘီးလေ့ကျင့်ရေးကွင်းနှင့်Mount Pleasant တို့တွင် နေ့စဉ် နံနက်(၇)နာရီမှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ပါကြောင်းသိရှိရပါသည်။