နေပြည်တော်၊ အောက်တိုဘာ(၂)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်အုပ်စုပွဲစဉ်များကို နေ့လည်(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ဘောလုံး အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံးသမိုင်းကို ကြည့်မည်ဆိုလျင် တစ်ချိန်က အရှေ့တောင်အာရှနှင့် အာရှတစ်လွှားမှာ အောင်မြင်ကျော်ကြားခဲ့ပြီး ဘောလုံးရွှေခေတ်တစ်ခေတ် ကို ပိုင်ဆိုင်ခဲ့တာဟာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ အာရှချန်ပီယံ(၂)ကြိမ်နှင့် အရှေ့တောင်အာရှ ချန်ပီယံ (၅)ကြိမ် ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ခြင်းဟာ ယခုလို တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ် ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးနိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါတွင် မြန်မာ့ဘောလုံးအားကစားအောင်မြင်မှုဟာ မှေးမှိန်လာသောကြောင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းñွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစားပြန်လည် အောင်မြင်မှုရရှိရေးကို အရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေးစီမံချက်များ ရေးဆွဲကာ အလေးအနက်ဆောင်ရွက်နေပါကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်ဘောလုံးအားကစားသမား အမြောက်အများပေါ်ထွက်လာမည်ဟု မျှော်လင့်ထားပါကြောင်း၊ ယခုပြိုင်ပွဲ၏ ရည်မှန်းချက်မြင့်မားလာသည်နှင့်အမျှ ပြိုင်ပွဲ၏ အနှစ်သာရ ပေါ်လွင်အောင် တာဝန်ရှိသူများနှင့် အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနှင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာဖို့ ဘက်ပေါင်းစုံက အရှိန်အဟုန်မြင့် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ပဲ နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်လာစေရေး ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်ယူပြီး ယှဉ်ပြိုင်သွားကြစေလို ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် အားကစားစိတ်ဓါတ်အပြည့်အဝနှင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပစီမံအုပ်ချုပ်သူများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစား သမားများအနေဖြင့် ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ကို မြ§င့်တင်ဆောင်ရွက်နိုင်သော ဘောလုံးအားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ကြပြီးနောက် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအသီးသီးရှိ အမျိုးသား(၁၅)သင်းတို့သည် အောက်တိုဘာ (၂)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးဘောလုံးကွင်းအမှတ်(၁)နှင့် (၃)တို့တွင် နေ့စဉ် နံနက်(၇း၃ဝ)နာရီအချိန်နှင့် နေ့လည်(၃:၃ဝ)နာရီအချိန်တို့တွင် စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။