ရန်ကုန်၊ ဒီဇင်ဘာလ( ၁ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာန သည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ပထမပတ်လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်ရာရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ ကျောင်းသူများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများ၊ အထက(၃)မင်္ဂလာတောင်ညွန့်မှ ဘင်ခရာ၊ ပန်းပွားအက ကျောင်းသူလေးများ နှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲ ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အောင်ဆန်း အားကစားပြိုင်ဝင်း(အထူးတန်း)ဝင်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်း အတိုင်း၊ လက်ယာကပ်လျှောက်၍ အထက်ပန်းဆိုးတန်း လမ်းမအတိုင်းအောင်ဆန်းအားကစားပြိုင်ဝင်း အရှေ့ပေါက်သို့ ပြန်လည်ပန်းဝင်ကာ မြို့နယ်အလိုက် လူဦးရေ လေးသောင်းခန့် ပြည်သူများက စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁)၊(၂)တို့နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသော ကျောင်းသား/ ကျောင်းသူများအားMega Co.,Ltd မှ အင်္ကျီများ လှူဒါန်းခြင်း၊ Lotte MGS ကုမ္ပဏီမှ အချိုရည်များလှူဒါန်းခြင်းနှင့် ပြည်သူများအား 100 Plus အားဖြည့် အချိုရည်များတိုက်ကျွေးကူညီခဲ့ကြောင်း သတင်းရရှိသည်။