spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာလ (၃)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ရှိ တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ကျေးဇူးတင်အမှာစကားပြောကြားခဲ့ပါသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ် (အားကစားနှင့် ကာယပညာဦးစီးဌာန) ဦးမျိုးလှိုင်၊ အလှူရှင် Booyoung Group (Company) မှ Executive Advisorand Chief of oversea department ဖြစ်သူ Mr. ShinHyun-suk နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က တိုက်ကွမ်ဒိုအားကစားရုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

 

ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် အမှာစကားပြောကြားရာတွင် -

  • ယခုကဲ့သို့ နိုင်ငံ၊ ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် များစွာ အကျိုးရှိစေနိုင်မည့် တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းခဲ့သူများနှင့် စုစည်း ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊
  • ယခု တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီးသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် သင်္ကေတ အဖြစ် နှစ်ပေါင်းများစွာ တည်တံ့နေမည် ဖြစ်ပါကြောင်း၊
  • ယခု တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီးကို အသုံးပြု၍ -
  • လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် အောင်မြင်မှုရရှိရေးအတွက် ကြိုတင် စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်နိုင်ခြင်း၊
  • တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အားကစားပြိုင်ပွဲများပြုလုပ်ကျင်းပနိုင်ခြင်း၊
  • တိုက်ကွမ်ဒိုအားကစားကို လေ့လာလိုက်စားလိုသော လူငယ်များ လေ့ကျင့်ရေးရုံအဖြစ် အသုံးပြုနိုင်ခြင်း၊
  • မျိုးဆက်သစ် အားကစားသမားများလေ့ကျင့် ပိုမို မွေးထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊
  • တိုက်ကွမ်ဒိုအားကစားလေ့ကျင့်ခြင်းဖြင့် -
  • မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊
  • မိမိကိုယ်ကို ထိန်းချုပ်မှုမြင့်မားခြင်း၊
  • မိမိကိုယ်ကို ကာကွယ်နိုင်ခြင်း၊
  • မိမိ၏ စွမ်းရည်ကို ယုံကြည်လေးစားမှုရှိခြင်း စသည့် အကျိုးကျေးဇူး အလေ့အကျင့် ကောင်းများ ရရှိပိုင်ဆိုင်နိုင်သကဲ့သို့
  • ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်း၊
  • စိတ်အာရုံစူးစိုက်နိုင်ခြင်း၊
  • ဦးနှောက်နှင့် ကိုယ်ခန္ဓာ ဟန်ချက်ညီလုပ်ဆောင်မှုများကောင်းမွန်စေခြင်းအကျိုးကျေးဇူးများကိုပါရရှိနိုင်ပါကြောင်း၊
  • တိုက်ကွမ်ဒိုအားကစားသည်လေ့ကျင့်ရန်နေရာများစွာမလိုအပ်သည့်အပြင်လေ့ကျင့်ခြင်းဖြင့်သွေးတွင်းအဆီဓာတ်နှင့်သကြားဓာတ်ကိုကျဆင်းစေနိုင်သဖြင့်သွေးတိုးရောဂါနှင့်ဆီးချို၊သွေးချိုရောဂါတို့ကိုကာကွယ်နိုင်ပြီးအမျိုးသမီးများအသက်ကြီးသည့်အခါဖြစ်ပွားတတ်သည့်အရိုးပွရောဂါကိုလည်းကာကွယ်နိုင်ပါကြောင်း၊
  • နိုင်ငံတစ်ဝန်းရှိ ကျောင်းသား/သူ (၉.၅)သန်း ဦးခန့် သည် ကိုယ်ကာယနှင့် ဉာဏ စွမ်းရည်မြင့်မာပြီး ကျန်းမာပါက နိုင်ငံတော်၏ကျန်းမာရေး အတွက် ရှေ့ရေးစိတ်ချရနိုင်မည်ဖြစ်ကြောင်း၊
  • ထို့သို့ ကျန်းမာစေရန်အတွက် ငယ်စဉ် ကာလကတည်းက အားကစားလေ့ကျင့်ခြင်းများကို ပြုလုပ်ကြရန် အရေးကြီးသဖြင့် ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာကျောင်းသား/သူ အားကစားကို စိတ်ပါဝင်စားပြီး လေ့ကျင့်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
  • ကျောင်းသား/သူ လူငယ်များ တိုက်ကွမ်ဒိုအားကစားကို စိတ်ပါဝင်စားပြီး ယခုတိုက်ကွမ်ဒိုအားကစားရုံသစ်ကြီးတွင် အခမဲ့သင်ယူလေ့ကျင့်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်အကြောင်းကြားခြင်းနှင့် သင်ကြားလေ့ကျင့်ပေးမည့် အားကစားသင်တန်းနည်းပြများ ပုံမှန်ရှိနေစေရေး အပါအဝင် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊
  • ဝန်ကြီးဌာနရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ နှင့် အခြေခံကျန်းမာရေး တက္ကသိုလ် တို့တွင်လည်း တိုက်ကွမ်ဒိုအားကစားကဲ့သို့အားကစားမျိုးကို လေ့ကျင့်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်မှုကောင်းမွန်လာစေနိုင်မည်ဖြစ်သဖြင့် လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
  • ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (exercise is medicine)” ဆောင်ပုဒ်ဖြင့်  ပြည်သူများကိုယ်လက်လှုပ်ရှားအားကစားကိုပိုမိုစိတ်ဝင်စားစေရန်နှင့်လေ့ကျင့်ဆောင်ရွက်နိုင်ရန် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအစဉ်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
  • ကိုယ်လက်လှုပ်ရှား အားကစားပွဲများတွင် တိုက်ကွမ်ဒို အားကစားသရုပ်ပြ လေ့ကျင့်မှု အစီအစဉ်များ ထည့်သွင်း ဆောင်ရွက် သွားစေလိုပါကြောင်း၊
  • ကျောင်းသား/သူ လူငယ်များနှင့် ပြည်သူများ အားကစားကို စိတ်ပါဝင်စား၍ လေ့လာလိုက်စားခြင်းဖြင့် မျိုးဆက်သစ်အားကစား သမားကောင်းများနှင့် ကျန်းမာသည့် ပြည်သူများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က အမှာစကားပြောကြားရာတွင် -

  • အားကစားသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊
  • ယနေ့ ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီးသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊
  • ယခုအခါ မြန်မာနိုင်ငံတွင် တိုက်ကွမ်ဒိုအားကစားကို စိတ်ပါဝင်စား၍ လေ့လာလိုက်စားသူများ ပိုမိုများပြားလာပါကြောင်း၊
  • ကိုရီးယားနိုင်ငံမှ စေတနာ့လုပ်သား (volunteer) တိုက်ကွမ်ဒိုနည်းပြဆရာများကိုလည်း တိုးမြှင့် စေလွှတ်သွားမည် ဖြစ်ပါကြောင်း၊
  • တိုက်ကွမ်ဒိုအားကစား၏ ဆောင်ပုဒ်ဖြစ်သော “ဆောင်ရွက်လိုစိတ်ရှိပါက မဖြစ်နိုင်တာမရှိ” ဟူသည့် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် တိုက်ကွမ်ဒို မိသားစုဝင်များသည် လူမှုအဖွဲ့အစည်း တိုးတက်ကောင်းမွန်စေရန်အတွက်စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ခြင်းဖြင့် တောက်ပသော အနာဂတ်ဆီသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Booyoung Group (Company) မှ Executive Advisor and Chief of oversea department ဖြစ်သူ Mr. ShinHyun-sukက တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီး ဖွင့်လှစ်နိုင်ရန် လှူဒါန်းခဲ့ရသည့် အကြောင်းရင်းများကို ရှင်းလင်း တင်ပြခဲ့ပြီးမြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (အားကစားနှင့်ကာယပညာဦးစီးဌာန)၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌနှင့် World Taekwondo Peace Corps မှ အတွင်းရေးမှူး Mr. Shin Dong Yoon တို့က တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းများ ပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အားကစားသမားများ သရုပ်ပြသ ကစားမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ ဥက္ကဌဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကျင်းပခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုက်ကွမ်ဒို အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

တိုက်ကွမ်ဒိုအားကစားရုံသစ် တည်ဆောက် ဖွင့်လှစ်နိုင်ရန်ကိုရီးယားသမ္မတနိုင်ငံ Booyoung Group မှ အမေရိကန်ဒေါ်လာ (၄) သိန်းလှူဒါန်းခဲ့ပြီး (၂၀၁၆) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%9E%E1%80%85%E1%80%BA-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA