ဒဂုံ
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ကျန်းမာကြံ့ခိုင်နုပျိုစေဖို့ စုပေါင်းလမ်းလျှောက်စို့ ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်၅နာရီ၃ဝမိနစ်က ဒဂုံမြို့နယ်၊မြို့မ ကျောင်းလမ်းနှင့် စကားဝါလမ်းဆုံ၌ စုရပ်ပြု၍အလုံလမ်း၊ ထိုမှတစ်ဆင့် ဦးဝိစာရအဝိုင်းကိုပတ်၍ ဦးထောင်ဘိုလမ်းအတိုင်း ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ ဘုရားလမ်းအတိုင်း၊အရှေ့ဘက်မုခ်မှ မြောက်ဘက်မုခ်သို့ အာဇာနည်လမ်းအတိုင်း ညာဘက်ကွေ့၍ M-3 စားသောက်ဆိုင်ရှေ့မှတစ်ဆင့် ဗဟန်း အားကစားကွင်းထိ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
လူထုလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမ ှကျောင်းသား၊ကျောင်းသူများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် မြို့နေပြည်သူများတို့က တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဗဟန်းအားကစားကွင်း၌ကိုယ် ကာယလေ့ကျင့်ခန်းအတွဲ(၁)၊(၂) စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)