မနီလာ ဒီဇင်ဘာ ၈
၂၀၁၉ ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ နေ့လယ်ပိုင်းကPhilsports Arena ၌ ကျင်းပရာ မြန်မာအသင်းရှုံးပွဲကြုံတွေ့ခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲတက်ရောက်သွားသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို သုံးပွဲ ပြတ် အိမ်ရှင်ဖိလစ်ပိုင်အသင်းက လက်ရှိချန်ပီယံထိုင်းအသင်းကို သုံးပွဲ-နှစ်ပွဲ ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အကောင်းဆုံးကြိုးစားသော်လည်း ပထမပွဲငယ်နှင့် ဒုတိယပွဲငယ်တွင်သာ လိုက်လံဖိအားပေးကစားနိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်းကို ၂၅-၁၉ မှတ်၊ ၂၅-၂၃ မှတ်၊ ၂၅-၁၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်ဖိလစ်ပိုင်အသင်းသည် လေးကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် ထိုင်း အသင်းကိုအနိုင်ယူကာ နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် ၁၇-၂၅ မှတ်၊ ၂၅-၂၀ မှတ် ၂၃-၂၅ မှတ်၊ ၂၇-၂၅ မှတ်၊ ၁၇-၁၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား၊ တတိယနေရာလုပွဲတွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
ညီမြတ်သော်တာ