ရန်ကုန်၊ ဖေဖော်ဝါရီလ(၅)ရက်။
အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီက၊ ရန်ကုန်တိုင်းဒေသကြီး၊ (၉)မိုင်ရှိ မြန်မာ ဂေါက်ကလပ်၌ စတင်ကျင်းပခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို (၅.၂.၂ဝ၁၉)ရက်နေ့မှ (၈.၂.၂ဝ၁၉)ရက်နေ့အထိ တစ်ဦးချင်း(အကျောမဲ့) ကျား/မ ပြိုင်ပွဲ၊ တစ်ဦးချင်း(အကျောပေး) ကျား/မ ပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့) ကျား/မ ပြိုင်ပွဲနှင့် အသင်းလိုက်(အကျောပေး) ကျား/မ ပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း တို့မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၁)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၈)ရက်၊ သောကြာနေ့၊ နေ့လည်(၂)နာရီ အချိန်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။