ရန်ကုန်၊ နို၀င်ဘာလ(၁၆)ရက်။
မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်အတွက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေဖော်ထုတ်ပေးရန်နှင့် ထိုမှတဆင့် လူငယ်လက်ရွေးစင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် Wow Sports မှ ကြီးမှူးကျင်းပသော (၃)ကြိမ်မြောက် Royal - D FUTURE STAR CUP 2019 စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၃၇)ကျွန်းတောလမ်းရှိ Times City Jewellery Mall ၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ Royal - D နှင့် Times City မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် သက်ဆိုင်ရာတာ၀န်ရှိ ပုဂ္ဂိုလ်များက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော် က ပြိုင်ပွဲကျင်းပရာတွင်ပံ့ပိုးကူညီပေးခဲ့သော ပုဂ္ဂိုလ်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် Times City မှ Mr. Xiao Shi တို့က စားပွဲတင်တင်းနစ်ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အသက်(၁၂)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများဖြစ်ပြီး အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကလပ်ပေါင်းစုံမှ အားကစားသမား စုစုပေါင်း(၁၀၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။