ရန်ကုန်၊ စက်တင်ဘာလ( ၃ဝ )ရက်။
၂ဝ၁၈ခုနှစ်၊မလေးရှားနိုင်ငံတွင် စက်တင်ဘာလ (၂၃)ရက်မှ (၂၉) ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Asia Invitational Snooker Championship ၂ဝ၁၈ အာရှဖိတ်ခေါ် စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံပေါင်း (၁ဝ)နိုင်ငံမှ အားကစားသမား (၆၄)ဦး ပါဝင်ရာ အုပ်စုပတ်လည်စနစ်ဖြင့်ကစားရပြီး နောက်ဆုံး(၃၂)ဦးရှုံး/ထွက်အဆင့်တွင် မြန်မာက မလေးရှားကို (၄-၂)ဖြင့် နိုင်၍လည်းကောင်း၊ (၁၆)ဦးအဆင့်တွင် မြန်မာက ထိုင်းကို (၅-၂)ဖြင့်နိုင်၍လည်းကောင်း၊ (၈)ဦးအဆင့်တွင် (၁ဝဝ)ကျော် Break အများဆုံးထိုးထားပြီး ချန်ပီယံဖြစ်မယ်လို့ ပရိသတ်တွေခန့်မှန်းထားသည့် ထိုင်းနိုင်ငံက ချန်ပီယံကို မြန်မာနိုင်ငံက (၅-၃)ဖြင့် ခက်ခက်ခဲခဲနိုင်ခဲ့၍ ပရိသတ်များအံ့သြခဲ့ရသဖြင့် ဆီမီးဖိုင်နယ်အဆင့်တွင် မလေးရှားမှ ဒုတိယတန်းလက်ရွေးစင်ကို(၄-ဝ)ဖြင့် အရင်စီးထားပေမယ့် မလေးရှားကနောက်မှလိုက်၍ (၄-၄)ဖြင့် ပြန်လိုက်လာရာ နောက်ဆုံးတွင် မလေးရှားကို (၆-၅)ဖြင့်နိုင်၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တရုတ်မှအာရှလူငယ်ချန်ပီယံ မလေးရှားအာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် ပထမဆု(၂)ကြိမ်ရရှိထားသူနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ မြန်မာက တရုတ် ကို (၆-၅)ဖြင့် ထိုက်တန်စွာအနိုင်ယူ ချန်ပီယံဆုတံဆိပ်နှင့်အတူ မလေးရှား RM ၁ဝဝဝဝ ဆုငွေအား ရရှိခဲ့သည်။
မြန်မာ့စနူကာချန်ပီယံ ကိုထက်သည် ယနေ့နံနက်(၁ဝ)နာရီ(၃ဝ)မိနစ်တွင် မလေးရှားနိုင်ငံမှရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ဒိုင်ချုပ် ဦးဝင်းမြင့်မြတ် နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။