တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ဥပဒေမူဘောင်ပေါ်ပေါက်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

12-3-2020 new1
12-3-2020 new2
12-3-2020 new3
12-3-2020 new4

နေပြည်တော် မတ် ၁၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ဥပဒေမူဘောင်ပေါ်ပေါက်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်မှန်းထားရှိသည့် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအတွက် ဥပဒေမူဘောင်တစ်ရပ် ခိုင်မာစွာ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တရားဥပဒေစနစ်နှင့်ကိုက်ညီပြီး၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ခြင်းမရှိသည့် အသင့်လျော်ဆုံး ပြဋ္ဌာန်းချက်တစ်ရပ် ပေါ်ပေါက်လာစေရန် နိုင်ငံတကာကျင့်သုံးပုံစနစ်များကို နှိုင်းယှဉ်လေ့လာပြီး ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့ ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းအဖွဲ့တို့၏ အဖွဲ့ဝင်များနှင့် JICA မှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် Professor YOSHINO Takayoshi၊ Former President of Osaka District Court နှင့် Mr. OKA Hideo၊ Attorney-at-Law တို့၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြမည့် ဆွေးနွေးပွဲဖြစ်သည်

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်များမှ တရားသူကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီး အသီးသီးမှ တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများနှင့် ဒုတိယခရိုင်တရားသူကြီးများ စုစုပေါင်း ၂၇ ဦးခန့် တက်ရောက်ကြသည်။