စတုတ္ထနှစ် တရားစီရင်ရေးမဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၁ ခုနှစ်) ရေးဆွဲရေး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် Online Coordination Meeting ကျင်းပခြင်း

17-11-2020 news1
17-11-2020 news2

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည့် ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ( ၂၀၁၈-၂၀၂၂) ၏ ၂၀၂၁ ခုနှစ်အတွက် စတုတ္ထနှစ်လုပ်ငန်း အစီအစဉ် (Year 4 Action Plan) ရေးဆွဲထုတ်ပြန်နိုင်ရေး နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် အွန်လိုင်းဖြင့် ညှိနှိုင်းဆွေးနွေးပွဲ ( Online Coordination Meeting) ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ယင်းဆွေးနွေးပွဲသို့ တရားစီရင်‌ရေးမဟာဗျူဟာစီမံကိန်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နှစ်စဉ်လုပ်ငန်း အစီအစဉ်ရေးဆွဲရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် အောင်မြင်စွာရေးဆွဲထုတ်ပြန် နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။