တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ကျင်းပ

29-12-2020 News1
29-12-2020 News2
29-12-2020 News3

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်တွင် တိုးချဲ့အကောင်အထည် ဖော် ဆောင်ရွက်မည့် “တရားမမှုများတွင် တရားရုံးကဦး‌ဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” နှင့်စပ်လျဉ်း၍ တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း” ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၀၉း၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

သင်တန်းတွင် တရားမမှုများအား စေ့စပ်ဖြေရှင်းခြင်းစနစ်နှင့်စပ်လျဉ်းသည့် ဂျပန်နိုင်ငံလေ့လာရေး ခရီးစဉ်များတွင် ပါဝင်ခဲ့ဖူးသော တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်တရားသူကြီးများက တရားမမှုများကိုဖြေရှင်းရာ၌ စေ့စပ်ဖြေရှင်းရေး၏ အရေးပါပုံကို သင်တန်းသားများအား ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် တရားမမှုများအား စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊  တရားမမှုများအား စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရာ၌ တရားရုံး၏ အခန်းကဏ္ဍကိုလည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့” က ကြိုတင်ပြင်ဆင်ထားသော Mediation Flow Chart နှင့် Training Video တို့ကို အသုံးပြု၍ ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမမှုများတွင် တရားရုံးကဦး‌ဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁) ရက်နေ့တွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ခရိုင်တရားရုံး (၂) ရုံးနှင့် မြို့နယ်တရားရုံး (၈) ရုံးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းစမ်းသပ်အစီအစဉ်ကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအားလုံးတွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အဆိုပါတိုင်းဒေသကြီးများအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ဤသင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။

သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ” အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး ဦးဆောင်၍ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တရားရေးဦးစီးမှူးများ ဦးဆောင်လျက် တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်‌ရောက်ကြသည်။